1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, February 14, 2014

“ အချစ်စတင်ဖြစ်ပုံ ”


“ အချစ်စတင်ဖြစ်ပုံ ”
••••••••••••••••
အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်
ပုံလေး” ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်
စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက်
ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့
အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲဆိုတော့
ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ
ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။

အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့
ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား
မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့
ဆိုတော့ နေတွေလတွေလည်း မလိုအပ်သေးပါဘူး။
---> www.facebook.com/youngbuddhistassociation.mm <---
အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို
ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ
လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာ
တွေ ဗြဟ္မာ့ပြည်ကဆင်းလာတယ်လို့ ပြောပြောနေ
ကြလို့ပါ။ ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”
တွေနဲ့ပဲ နေနေကြပါတယ်။ဘာမှမစားကြသေးပါဘူး။

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း
ခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံ
မြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက
နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့
အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့
မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး
လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ...
တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စားပါတော့
တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စား
ပါတော့တယ်။ ဒီတော့ ရသတဏှာဝင်လာပြီး
ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော
ဆိုပါတော့။
---> www.facebook.com/youngbuddhistassociation.mm <---
အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်း
စားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...”စသည်ဖြင့်
သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ
“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသ
တဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာ
တွေစားတာမဟုတ်ပါဘူး။ ဗြဟ္မာပြည်က စုတေပြီး
“လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့
ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာပါတယ်။
ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ်
တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး ထမင်းကျက်
တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ
အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာ
ကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့
ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်း
ကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။
သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊
ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာ
အပေါက်တွေလည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိ
ဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား
ဖြစ်လာပါတော့တယ်။
---> www.facebook.com/youngbuddhistassociation.mm <---
ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိ
ဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသ
ဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ
ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့
ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့
တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါ
တစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂ
တွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲကာမ
ကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလား
ဆိုပြီးခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့
သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား
တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်
တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။
အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိ
တော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်
ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်း
တရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြထား
ပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။
---> www.facebook.com/youngbuddhistassociation.mm <---
အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစား
တာကို စာမှာဘယ်လို ဥပမာပေးထားသလဲဆိုတော့
နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့
အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။
မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့
ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီး
ပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေး
သောက်လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ
နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -
♦ ကိုးရီးယားကားလေး ကြည့်နေတာလည်း
မီးကင်နေတာပါပဲ။
♦ ဘောလုံးပွဲတွေ ကြည့်နေနေတာလည်း
မီးကင်နေတာပါပဲ။
♦ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
♦ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်း
မီးကင်နေတာပါပဲ။
♦ ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင်
နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင်
နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။
ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ
မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများမကြားအောင်
တိုးတိုးလေးဆင်ခြင်လိုက်ပါ။
---> www.facebook.com/youngbuddhistassociation.mm <---
ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင်
နေတာ” လို့တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့
သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေး
နေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်
တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်ကမီးကင်နေတာ
လေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်က
သူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်
ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင်သံဝေဂဥာဏ်တွေ များများ
လာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာ
ကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါ
လိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။နူနာရောဂါ ပျောက်ဖို့
အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂ
အားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။
တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာ
သိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီ
ချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။
---> www.facebook.com/youngbuddhistassociation.mm <---
ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ
မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ်ဆိုရင်တော့ အထူး
ပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို
အာရုံပြုပြီး သတိပဌာန် ၀ိပဿနာဆေးလေးကို မကြာခဏ
သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ
ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်
သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာ
လေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့
ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာ
ခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ
“စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊
ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျ
သွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်
တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင်
မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့
သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊
မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး
တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊
နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေး
လေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့
သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]

No comments:

Post a Comment